မြိတ် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁၃)ရက် နံနက်ပိုင်းက မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျာထားစီမံကိန်းနှင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ကမ်းနားလမ်းတိုးချဲ့ ဆောင်ရွက်မည့်အဆိုပြုပုံစံနှင့် ဆက်စပ်မြို့ကွက်သစ်ဖော်ဆောင်ရေး အဆိုပြုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ရုံးခန်းမသို့ရောက်ရှိခဲ့ကြရာ ကုမ္ပဏီဥက္ကဋ္ဌ ဦးလှသန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး တာဝန်ရှိသူများက ကုမ္ပဏီမှ ဆောင်ရွက်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း လျာထားစီမံကိန်းနှင့် ဆောင်ရွက်လျက်ရှိသည့် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်း အကြောင်းအရာများကို တင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် မြိတ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆောင်ရွက်မည့် အဆိုပြုနေရာသို့ ရောက်ရှိခဲ့ကြပြီး ကမ်းနားလမ်းတိုးချဲ့ ဆောင်ရွက်မည့် အဆိုပြုပုံစံနှင့် ဆက်စပ်မြို့ကွက်သစ်ဖော်ဆောင်ရေး အဆိုပြု လုပ်ငန်းများအား ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ ကြည့်ရှုပြီး လုပ်ငန်းများကို ရေရှည်မျှော်တွေး၍ စနစ်ကျသော မြို့အင်္ဂါရပ်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေးနှင့် လိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံများ စားသုံးမှု အထောက်အကူဖြစ်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ယာယီရပ်နားထားရှိသည့် ထူးထူးတိုး အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုကြရာ ကုမ္ပဏီတာဝန်ရှိသူများက ဥစားကြက်မွေးမြူရေးလုပ်ငန်း ယာယီရပ်နားထားရှိမှုနှင့် အခက်အခဲများကို တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး မွေးမြူရေးလုပ်ငန်းကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)