ဘားအံ ဇွန် ၁၃
ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်အတွက် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်) ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ မြိုင်ကလေး အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)၌ ကြီးမြန်သစ်မျိုး ၁၂၀၀ (တစ်ထောင့်နှစ်ရာ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရာသီဥတု ပြောင်းလဲမှုလျော့ကျစေရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှု လျော့နည်းသက်သာစေရေး လုပ်ငန်းစဉ်များတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ ရှိပြီးသားသစ်တောသစ်ပင်များကို ထိန်းသိမ်းခြင်းသည် အမြဲတမ်းအရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိရာ သစ်တောသစ်ပင်များ ထူထပ်စွာရှိနေခြင်းဖြင့် ရေ၊ မြေ၊ သဘာဝစိမ့်စမ်းတို့ကို ထိန်းသိမ်းရာရောက်သဖြင့် ဇီဝမျိုးစုံမျိုးကွဲများလည်း ကြွယ်ဝလာမည် ဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကို တားဆီးကာကွယ်ရန်အတွက် အထိရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးသော အကောင်းဆုံးနည်းလမ်းဖြစ်သည့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းကို အလေးထား ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀) စက်ရုံမှူးကြီးထံ ဖြန့်ဝေစိုက်ပျိုးရန် ပျိုးပင်များ ချီးမြှင့်ပေးအပ်ပြီး တက်ရောက်လာသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)နှင့် အမှတ်(၂) ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းများ၊ မြိုက်ကလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊များ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ကြီးမြန်သစ်မျိုးများဖြစ်သည့် မအူ၊ ပျဉ်းမ၊ မန်ဂျန်ရှား စုစုပေါင်း ၁၂၀၀(တစ်ထောင့်နှစ်ရာ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ပျော်ပါးပါးစိုက်ပျိုးခဲ့ကြသည်။
ယနေ့ကျင်းပသည့် မိုးရာသီ(အကြို)သစ်ပင်စိုက်ပွဲကို နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်နှင့် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်ပင်များ စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် လူထုလှုပ်ရှားမှုအသွင် သစ်ပင်စိုက်ပွဲများဖြင့် စိုက်ပျိုးခြင်း၊ တစ်ရွှာ(၂)ဧကစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနှင့်ရပ်ကွက်နေပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်ရန် ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သစ်တောဦးစီးဌာနနှင့် ဆက်သွယ်ပူးပေါင်း၍ သစ်တောပျိုးပင်များ ထုတ်ယူ၍ မိုးရာသီအတွင်း ရှင်သန်အောင်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)