မြစ်ကြီးနား ဇွန် ၁၄
မန္တလေး-ထီးချိုင့်-ကသာ-မိုးညှင်း-မြစ်ကြီးနားဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့်ပေးပို့ခဲ့သည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တတိယအကြိမ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိလာခဲ့ရာ မြို့ဝင်မုဒ်ဦး၌ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ အိုးစည် ဒိုးပတ်များဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ထို့သို့ မော်တော်ယာဉ်များရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းများကို သက်ဆိုင်ရာနေရာများသို့ လိုက်လံပို့ဆောင်ပေးခြင်းဖြစ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြည်နယ်အတွင်းရှိတောင်သူများအား ဖြန့်ဖြူးပေးနိုင်ရေး ယူရီးယားဓာတ်မြေသြဇာ အိတ်များအား စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ(မြစ်ကြီးနားမြို့) ကျောင်းဝင်းအတွင်းရှိ ဂိုထောင်သို့ လည်းကောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအိတ် များအား ပြည်နယ်အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမသို့ လည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန၏ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များအား ခရိုင်ပညာရေးမှူးရုံးသို့ လည်း ကောင်း ပို့ဆောင်ပေးလာမှုအပေါ် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကူညီသယ်ဆောင်ပေး နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကာ ကူညီဆောင် ရွက်ပေးကြသောသူများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
အလားတူ အဆိုပါ ယာဉ်တန်းတွင် ပါဝင်လာခဲ့သည့် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသော တိုင်းရင်းသားဘာသာပုံပြ/ ပုံပြင် စာအုပ်ထုတ်များကိုလည်း မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသို့ ပို့ဆောင်ပေးခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက ကြီးကြပ်စစ်ဆေး၍ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်