ညောင်လေးပင်မြို့တွင် အသက် ၈၅ နှစ်နှင့် အထက် အဘိုးအဘွားများအား လက်ဝယ်အရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ညောင်လေးပင် ဇန်နဝါရီ ၂၁

ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ သုံးသောင်း ကျပ်စီကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်မှ တာဝန်ရှိသူများက ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းယုန်း၊ ဒုတိယဦးစီးမှူး ဦးမျိုးမင်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ  ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ညောင်လေးပင်မြို့၊ မြို့မ(၅) ရပ်ကွက်ရှိ အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွား (၃၆) ဦးတို့အား တစ်ဦးလျှင် သုံးသောင်းကျပ်စီ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။

ညောင်လေးပင်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၂၇) ဦးရှိပြီး ကျန်ရှိ သော ရပ်ကွက်နှင့် ကျေးရွာများရှိ ဘိုးဘွား များကိုလည်း သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ကြေးများကို လက်ဝယ် အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)