မော်လမြိုင်ကျွန်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ ဘက်စုံသုံးခန်းမ၌ စုပေါင်းလယ်ယာဆောင်ရွက်လျက်ရှိသော တောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စုပေါင်းလယ်ယာစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်လာစေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး ဒေါ်မေသူအောင်က စုပေါင်းလယ်ယာဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ၊ တောင်သူများအား ပံ့ပိုးပေးမည့် အစီအစဉ်များနှင့် သွင်းအားစုများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးတို့က စုပေါင်းလယ်ယာဆောင်ရွက်သော တောင်သူ (၁၇) ဦး စိုက်ဧက (၂၀၀) အတွက် အိတ် (၄၀၀) သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)