မော်လမြိုင်ကျွန်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာ ဘက်စုံသုံးခန်းမ၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇီဝလုံခြုံမှု (Biosecurity) ဆိုင်ရာ အသိပညာပေးသင်တန်းကို ဇွန်လ ၁၂ ရက်က ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ မွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဇီဝလုံခြုံမှုစနစ်များကို စနစ်တကျလိုက်နာကျင့်သုံးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဖြူဖြူဝင်းက ဇီဝလုံခြုံမှုဆိုင်ရာ နည်းလမ်းများ၊ မွေးမြူရေးခြံများတွင် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးနှင့် သန့်ရှင်းရေးစံနှုန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းသင်ကြားပို့ချပေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသားများအား မွေးမြူရေးခြံသုံးဆေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြပြီး သင်တန်းတက်ရောက်သူများအား ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မိုးမိုးအေးနှင့် ဝန်ထမ်းက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)