ဝေါ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ရေပြင်အသက်ကယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပဲခူး-စစ်တာင်းတူးမြောင်းဘေး ကန်တော်ရပ်ကွက်၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းထွန်းက Life Jacket ဝတ်ဆင်နည်း၊ ဆီပုံခွံ၊ (၂၀) လီတာဆံ့ရေဘူးခွံနှင့် အသက်ကယ်အင်္ကျီနှင့် ရေသန့်ဘူးခွံတို့ အသုံးပြုပုံကို ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ လူမှုဂရုဏာနာရေး ကူညီမှုအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ရေနစ်သူအားကယ်ဆယ်ပုံ၊ ရှေးဦးသူနာပြုစုနည်းများဖြင့်ပြုစုပုံ၊ နီးစပ်ရာဆေးရုံဆေးခန်းသို့ ပို့ဆောင်ပုံများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုဂရုဏာနာရေးကူညီမှုအသင်းအဖွဲ့ဝင်များတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)