မြိတ် ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၂) ရက်နံနက်ပိုင်းက မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် ကျေးရွာများကို ဆက်သွယ်ပေးသည့် တနင်္သာရီမြစ်ကူး မင်းသန်း-မောင်းလှော် တံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
တံတားဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းသန်း-မောင်းလှော်တံတားသည် မြိတ်မြို့ နယ်၊ တောင်ပုလဲ - ရှမ်းတောင် မင်းသန်း - မောင်းလှော်လမ်း မိုင်တိုင်(၂/၄ - ၃/၀) မိုင်ရှိ မင်းသန်း-မောင်းလှော် တံတားသည် (၂၁၀၀) ပေ အရှည်ရှိပြီး ဒေသခံပြည်သူများ၊ ကျောင်းသား/ သူများအတွက် တနင်္သာရီမြစ်ကြီးကို အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်စေရန်အတွက် နိုင်ငံတော်မှ အဆိုပါတံတားအား ကျပ်သန်းပေါင်း (၁၂၅၈၁.၅) သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများနှင့် ကျောင်းသား/သူများ ယခင်ကမြစ်ကို ကူးတို့ဖြင့် သွားလာနေရသည့် အချိန်ကြန့်ကြာမှုများ လျော့နည်းသွားမည်ဖြစ်သည့်အပြင် အခုလို မိုးတွင်းကာလ မြစ်ရေကြီးချိန်တွင်လည်း ကျောင်းသား/သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာမှုအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတားများ အဆင့်မြင့် ကောင်းမွန်လာသည်နှင့်အမျှ အခြားဒေသက စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများလည်း စဉ်ဆက်မပျက် ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှာ နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများသည်လည်း အစစ အရာရာ မြှင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးနန်းမြင့်အောင်က တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ မင်းသန်း-မောင်းလှော်တံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ အဆိုပါတံတားကို Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ် ကမ်းကပ်ခုံ၊ ကိုယ်ထည်နှင့် သံကူကွန်ကရစ်ယက်မ၊ သံမဏိသံဘောင်ယက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်၍ (၂၀၁၈)ခုနှစ်၌ စတင်တည်ဆောက်၍ (၂၀၂၅)ခုနှစ်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကာ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၃၈၈၉ သန်း) နှင့် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၈၆၉၂.၅) စုစုပေါင်း ကျပ်သန်း (၁၂၅၈၁.၅) ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူများသည် တံတားမတည်ဆောက်မီကာလ၌ ကူးတို့ဖြင့်သွားလာနေရသည့်အတွက် အချိန်ကြန့်ကြာမှုများရှိခဲ့ရပြီး မိုးတွင်းကာလ မြစ်ရေကြီးချိန်တွင်လည်း ဘေးအန္တရာယ်များကို ဒေသခံများကြုံတွေ့ခဲ့သည်။ ယနေ့ဖွင့်လှစ်ပေးခဲ့သော မင်းသန်း-မောင်းလှော်တံတားကိုအသုံးပြု၍ ဒေသခံပြည်သူများအနေဖြင့် ယခင်ကရေလမ်းခရီးဖြင့်သာ သွားလာနိုင်ခဲ့ရာမှ ယခုအခါ ခရီးတိုတိုနဲ့ အချိန်အခါမရွေး ရာသီမရွေး ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်တော့မည်ဖြစ်ကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )