သရက်မြို့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများတွေ့ဆုံ

သရက် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရက်(၁၀၀)စီမံချက်ဖြင့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဌာနများအနေဖြင့် စီမံချက်ကာလအတွင်း လုပ်ငန်း များကို ပြီးစီးအောင် စနစ်တကျဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)နှင့် အမှတ်(၂)တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများထံမှ လုပ်ငန်းနှင့်ဒေသ၏အချက် အလက်များအား လွှတ်တော်သို့တင်ပြရာတွင် လိုအပ်ချက်များအား ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ လိုအပ်ချက်များကို ညှိနှိုင်းပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

ထို့နောက် ရက် (၁၀၀) ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဌာနများမှ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဇော်ထက်(သရက်)