ပေါင်းတည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) တွင် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းအား ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကိုကိုဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီးနောက် လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ အ.ထ.က (ပေါင်းတည်) Grade-11 (A) မှ မခင်အိန္ဒြာမင်းက လူငယ်နှင့်ပညာသင်ကြားခြင်း၊ Grade-10 (A) မှ မဖြိုးပြည့်ပြည့်ကျော်က လူငယ်နှင့် အောင်မြင်မှုနည်းလမ်းများ၊ Grade-9 မှ မသဲသိမ့်သိမ့်သူက လူငယ်နှင့်လူမှုကွန်ရက်၊ Grade-12 (A) မှ မယွန်းနန္ဒာဝေက လူငယ်နှင့်ခေတ်မီမူးယစ်ဆေးအန္တရာယ်အကြောင်းတို့ကို ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)