မင်းလှမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပေတော(ကန္တား)ကျေးရွာအုပ်စု၊ သဖန်းချောင်း ကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် ဦးဆောင်၍ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများတွေ့ဆုံခြင်းနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က သဖန်းချောင်းကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့သည် သဖန်းချောင်းကျေးရွာရှိ အိမ်ခြေ(၈၀)အား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကန့်ကွက်လွှာ(၁၅)ရက်ပြည့်ပြီးဖြစ်၍ ကန့်ကွက်မည့်သူ ရှိ/မရှိ၊ အိမ်ဝိုင်းမြေ ကျူးကျော်မှုများ ရှိ/မရှိ၊  မြေယာအရှုပ်အရှင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရ​ခြင်းဖြစ်ကြောင်း ချပြရှင်းလင်း​ခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် ဦးဆောင်၍ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့များ၊ ကျေးရွာလုပ်ငန်းအဖွဲ့များနှင့် ကျေးရွာရှိ ရပ်မိ/ရပ်ဖများ သဖန်းချောင်းကျေးရွာ မြေငှားဂရန်လျှောက်ထားသည့်အိမ်ခြေ (၈၀) အိမ်အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)