ဝေါ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှမ်းကိုင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှမ်းကိုင်းမှ ကျောင်းအုပ်ဆရာကြီး ဦးချက်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်း အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး၊ အ.ထ.က(ခွဲ) ရှမ်းကိုင်းကျောင်းမှ Grade(11) ကျောင်းသူ မမေသက်ခိုင်က လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြစ်လည်းကောင်း၊ Grade(9) ကျောင်းသား မောင်ပြည့်စုံဦးက ဖိနပ်တိုက်သမား ဘဝမှသမ္မတ ဖြစ်လာသူ ခေါင်းစဥ် ဖြစ်လည်းကောင်း၊ Grade(7) ကျောင်းသူ မအိန္ဒြေခင်က ယဥ်ကျေးလိမ္မာခြင်း ခေါင်းစဥ်ဖြစ်လည်းကောင်း၊ အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဗဟုသုတစာအုပ် စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားကြကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)