စကုမြို့၌ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မင်းဘူး ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ဒေသတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့လယ်ပုညရှင် ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စကုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ပိုင်က အမှာစကားပြောကြားပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်လေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မင်းဘူးခရိုင်ရုံးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများအနက်မှ ဒေသတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသူ ၂၀ ဦးဖြင့် ဇွန်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ (၇) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ဒေသအတွင်းမှ ထွက်ရှိသည့် အသီးအနှံများနှင့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုကာ စားသောက်ကုန် ပြုလုပ်နည်း အမျိုးမျိုးကို စာတွေ့၊ လက်တွေ့ ဘာသာရပ်များဖြင့် စနစ်ကျ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား နှစ်ဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံပိုးပေး၍ ကိုယ်ပိုင်လုပ်ငန်းရှင်များဖြစ်အောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)