တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ၊ အ.ထ.က(ပထက်) ကျောင်းသို့ ကျောင်းသုံးကိရိယာများ ပေးအပ်လှူဒါန်းပွဲ တက်ရောက်

မြိတ် ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမ၌ မြိတ်မြို့နယ်အတွင်းရှိ အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့်ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ တက်ရောက်သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးသည် ပြည်သူလူထုက ထည့်ဝင်သည့်အခွန်များဖြင့် နိုင်ငံတော်နှင့်ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ အခွန်ကောက်ခံခြင်းသည် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေရန် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူ တစ်ရပ်လုံးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နိုင်ငံ့ဝန်ထမ်းများ လစာထောက်ပံ့ ချီးမြှင့်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကောက်ခံခြင်းမဟုတ်ဘဲ နိုင်ငံ တော်၏ ညီညွတ်မျှတသည့် အရ/အသုံးငွေကြေးစနစ် ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှု မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေရန် ထိန်းသိမ်းပေးခြင်း၊ ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အထောက်အကူဖြစ်စေခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးခြင်း၊ ဓနအင်အားမျှတစေခြင်း၊ နိုင်ငံ တော်၏ နိုင်ငံရေး၊ လူမှုရေး၊ စီပွားရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတို့ကို အထောက်အကူ ဖြစ်စေခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ကို အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့်လုပ်ငန်းရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာတွင် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်ဆုများ၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ဆုများနှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ဆုများကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဂုဏ်ပြုပေးအပ်ချီးမြှင့်ကြသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အတုလ ရံသီရွှေသာလျောင်းဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပထော်ကျေးရွာ ရေလှောင်တမံသို့ ရောက်ရှိ၍ ပြည်ဖြိုးထွန်းကုမ္ပဏီလီမိတက်မှရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ပြီး စက်ရုံအလုပ်ရုံများတွင် အသုံးပြုဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အထက(ပထက်)ကျောင်းသို့ ရောက်ရှိခဲ့ကြပြီး စာသင်ကျောင်းရှိ သိပ္ပံလက်တွေ့ ခန်း၊ Muti Media စာသင်ခန်း၊ ကွန်ပျူတာခန်း၊ သင်ထောက်ကူအခန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/သူများအား သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် အထက(ပထက်)ကျောင်း ခန်းမတွင် ကျောင်းသား/သူများအတွက် ကျောင်းသုံးကိရိယာများ ပေးအပ်လှူဒါန်းပွဲ တက်ရောက်ကြရာ ကျောင်းသား/သူများက “ပြည်မြန်မာ” သီချင်းသီဆို ဖွင့်လှစ်သည်။

ထို့နောက် ဝန်ကြီးချုပ်က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကသော့ချက်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများ၊ ငွေကြေး အရင်းအနှီးများထက် ပိုမိုအရေးကြီးသည်မှာ ပညာတတ်အရည်အချင်းပြည့်ဝပြီး မျိုးချစ် စိတ်ဓာတ်ရှိသည့် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် အခြေခံ အကျဆုံးကဏ္ဍသည် ပညာရေး ကဏ္ဍပဲဖြစ်ကြောင်း၊ ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့် စကားအတိုင်း ပညာသည် လူတစ်ဦး ချင်းစီ၏ ဘဝကိုမြှင့်တင်ပေးနိုင်သည့် အင်အားတစ်ရပ်ဖြစ်ပြီး မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အရေးပါဆုံးသော စွမ်းအားတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား/သူများအားလုံး ပညာကို တန်ဖိုးထား၍ ကြိုးစားသင်ယူကြရန် အထူးတိုက်တွန်း လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးလှသန်းက ကျောင်းအခြေအနေတိုးတက်မှုနှင့် ကျောင်းဆိုင်ရာ အချက်အလက်များပြောကြား၍ ကျောင်းသား/သူများအား ကျောင်းသုံးကိရိယာများနှင့် ထီးများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျပ်သိန်း (၁၅၀) ကို ဝန်ကြီးချုပ်မှ ချီးမြှင့်ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး နော်ကေသီမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အထက(ပထက်) ကျောင်းသား/သူ များမှ “အာဆီယံ(၁၁)နိုင်ငံ” အကအလှဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ကျောင်းသား/သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ပြားများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပေးအပ်ကြသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ဖြိုးထွန်းကုမ္ပဏီ၏ သင်္ဘောလွန်းကျင်းအား လှည့်လည်ကြည့်ရှုအားပေး၍ အအေးခန်းစက်ရုံတွင် ရေထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကုန်ချောထုတ်လုပ် ဆောင်ရွက်နေမှုများအား ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးလှသန်းက လိုက်လံရှင်းလင်းပြသရာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)