လွိုင်ကော်မြို့တွင် ရပ်ရွာအခြေပြု ပန်းအလှပြင်သင်တန်းဆင်းပွဲ ပြုလုပ်

လွိုင်ကော်      ဇွန်    ၁၂

မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သော ရပ်ရွာအခြေပြု ပန်းအလှပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မူလတန်းကြိုကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဘောက်နန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယက၊ ဒေါ်ဘောက်နန်က အမှာစကားပြောကြားရာ နိုင်ငံတော်အနေနှင့် မြန်မာအမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန်၊ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီများကို ဖွဲ့စည်းထားရှိပြီး အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မတန်းတူညီမျှမှု ရှိစေရေး၊ အမျိုးသမီးများနှင့် ငယ်ရွယ်သူအမျိုးသမီးများ စွမ်းအားမြင့်မားလာစေရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့အနေနှင့်လည်း ပြည်နယ်အတွင်းတွင် နေထိုင်ကြသည့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရန်၊ အမျိုးသမီးများနှင့် ငယ်ရွယ်သူအမျိုးသမီးများ အသက်မွေးဝမ်း ကျောင်းပညာရပ်များ တတ်မြောက်စေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် မိမိကိုယ်ကို ရပ်တည်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့သင်တန်းကို အောင်မြင်စွာတက်ရောက်ပြီးသည့် သင်တန်းသူများအနေနှင့်လည်း သင်ကြားပေးခဲ့သည့် ပညာရပ်များနှင့် မိမိ၏ဘ၀နှင့် မိမိရပ်ရွာအတွက် အကျိုးရှိရှိအသုံးချကာ ပတ်ဝန်းကျင်ရှိ အမျိုးသမီးများကိုလည်း ဆက်လက်မျှဝေသွားကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြား သည်။

ထို့နောက် ပန်းအလှပြင်သင်တန်းမှ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက သင်တန်းသူများ လေ့ကျင့်ပြင်ဆင်ထားသည့် ပန်းအလှပြင်ဆင်မှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို ဇွန်လ ၈ ရက် မှ ၁၂ ရက်အထိ သင်တန်းသူ (၂၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသည့် အဖွဲ့များအား ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများ နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)