ပဲခူး ဇွန် ၁၂
ရက် ၁၀၀ စီမံချက်အဖြစ် ပဲခူးမြို့၌ Football For Schools Program Launching Ceremony အခမ်းအနားအား ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသားအားကစားသမားများက ကွင်းအတွင်းရောက်ရှိနေရာယူခဲ့ကြပြီး အားကစား သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက Football For Schools သည် ဘောလုံးအားကစားဝါသနာပါသည့် ကလေးတွေ၏ ရင်ထဲကအိမ်မက်များကို စတင်အကောင်အထည်ဖော်ပေးခြင်းဖြစ်သလို စည်းလုံးမှုနှင့် အဖွဲ့အစည်းစိတ်ဓါတ်၊ စည်းကမ်းနှင့်လေးစားမှု၊ ဦးဆောင်မှု၊ အချိန်နှင့်တစ်ပြေးညီ မှန်ကန်သည့်ဆုံးဖြတ်ချက် ချမှတ်နိုင်မှုတို့အတွက် စတင်စိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ FIFA (အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ အခြေခံပညာကျောင်းမှကလေးများ ဘောလုံးအခြေခံနည်းစနစ်များ သိရှိနားလည်လာစေရေး သင်ကြားပေးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားလူငယ်မောင်မယ် များအနေဖြင့် သင်ယူကြရမည့် ဘောလုံးအားကစားနည်း အခြေခံကောင်းများကို ကြိုးစားလေ့လာသင်ယူ၍ နိုင်ငံတော်မှအားထားရသည့် ပညာရေးကောင်းပြီး ကျန်းမာကြံ့ခိုင်သည့် ထူးချွန်အားကစားသမား များ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် FIFA (အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်)မှ လှူဒါန်းသည့် No(4) ဘောလုံးများ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးထံ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အဆင့်(D)လက်မှတ်ရ နည်းပြသင်တန်းတက်ရောက်ထားသည့် ကာယပညာ ဆရာများမှ ကျောင်းသားအားကစားသမားများအား Foodball For School သင်ခန်းစာများ လက်တွေ့သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)