တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်  ကျန်းမာရေး အသိပညာမြှင့်တင်ရေးဟောပြောပွဲသို့တက်ရောက်

ထားဝယ်  ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး ပညာရေးနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ကျန်းမာရေး အသိပညာမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ Polytechnic University (Dawei)၌ ကျင်းပသည်။

ဟောပြာပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ကျန်းမာရေးဌာနဝန်ထမ်းများက ပြည်သူများ၏ ကျန်းမာ ရေး အသိပညာမြင့်မားလာပြီး ကျန်းမာရေးနှင့်ညီညွတ်သော  ဘဝနေထိုင်မှုပုံစံများ ဖြစ်ထွန်းလာစေရေး ရည်ရွယ်ပြီး၊ မြို့ပြနှင့်ကျေးရွာများအထိ ကျန်းမာရေးပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂါတ်ကိုဦးဆောင်ကြမည့် လူငယ်လူရွယ်တက္ကသိုလ်ကျောင်းသားများအနေဖြင့်မိမိသင်ယူနေသည့် ဘာသာရပ်ဆိုင်ရာပညာများကို ကောင်းမွန်စွာတက်ကျွမ်းရမည့်အပြင် မိမိကိုယ်တိုင်နှင့်ကျန်းမာရေးနှင့် ညီညွတ်သောအလေ့အကျင့်ကောင်းများ၊ ဘဝနေထိုင်မှုပုံစံများ လက်တွေ့ကျင့်သုံးသူ စံပြပုဂ္ဂိုလ်ဖြစ်သင့်ကြောင်း၊ ထို့အပြင် မိမိ၏မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊နေထိုင်သည့်ပတ်ဝန်းကျင်လူထုအတွက် ကျန်းမာရေးနှင့်သက်ဆိုင်သောအသိပညာဗဟုသုတများကို မျှဝေပေးနိုင်သူအကြံပေးနိုင်သူ ဖြစ်ရန်လိုအပ်ကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစေပြီး မိမိမိသားစု ပတ်ဝန်း ကျင်ကိုလည်း ထပ်ဆင့်မျှဝေပေးနိုင်ခြင်းအားဖြင့်ကျန်းမာရေးအသိပညာမြင့်မားပြီး ကာယ၊ ညာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလငါးတန်နှင့်ပြည့်ဝသော၊ ကျန်းမာရေးပညာရေး အဆင့်အတန်းမြင့်မားသော အနာဂတ်ခေါင်းဆောင်များဖြစ်လာစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးဌာနက ဆွေးနွေးမည့်အကြောင်းအရာများကို သေချာအလေးထားမှတ်သားကြပြီး မိမိကိုယ်တိုင်ကျန်းမာရေးညီညွတ်သော အပြုအမူအကျင့်ကောင်းများ ကျင့်သုံးသူဖြစ်ရုံသာမက မိမိမိသားစု၊ ပတ်ဝန်းကျင်ကိုပါ ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ ဖြစ်ထွန်းရေးကြိုးပမ်းဆောင်ရွက်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ပျိုရွယ်သူကျန်းမာရေးနှင့် ကျား/မအခြေပြုအကြမ်းဖက်မှု၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမှုများ၊  ဆေးလိပ်/ဆေးရွက်ကြီး/ E-cigaretteနှင့်လူငယ်များ၊ BCC အပြုအမှုပြောင်းလဲခြင်းဆိုင်ရာဆက်သွယ်ပြောဆိုခြင်း စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေး ဟောပြောသည်။

ဟောပြောပွဲသို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)