လှိုင်းဘွဲ ဇွန် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် မူးယစ်ဆေးဝါးများအန္တရာယ်၊ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ကြခဲ့သည်။
ဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလှက ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ပြစ်မှုပြစ်ဒဏ်ကျူးလွန်မှု ကင်းရှင်းရေးလုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ဖွံ့ဖြိုးရေးနှင့်လူမှောင်ခိုလူကုန်ကူးမှုအန္တရာယ်များအကြောင်းကို အသိပညာပေး ဟော ပြောခဲ့သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေကဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြန်လည်ကုသရေး လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)