အထက်မင်းလှ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်က ရေခါးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကို မသုံးစွဲကြစေရေး၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါးကြောင့် မိမိတို့၏ အနာဂတ် ရည်မှန်းချက်များ မဆုံးရှုံးရလေအောင် မူးယစ်ဆေး မသုံးကြစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဝင်းမြတ်(အထက်မင်းလှ)