ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၂

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့် ရေကူးကန်(ပုသိမ်)တွင်ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကယခုပြိုင်ပွဲကတဆင့် တိုင်းဒေသကြီးလက်ရွေးစင်အသင်းကို အင်အားဖြည့်အထောက်အကူ ပြုနိုင်မည့် တိုင်းဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် ပြောကြားပြီး ၂ဝ၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးရေကူးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင် နေမှုများနှင့် ရေကူးအားကစားနည်း ဒိုင်ဗင်ထိုးသရုပ်ပြသခြင်းများကို ကြည့်ရှုအားပေး ခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ အမျိုးသမီး/ အမျိုးသား မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသမီး/ အမျိုးသား မီတာ(၅၀) ပက်လက်ကူး ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသား မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၁၀၀) အလွတ်ကူးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊တတိယဆုရရှိသူများကို ဆုတံဆိပ်များနှင့် ငွေသားဆုများကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့ကဆုများချီးမြှင့်ခဲ့ပြီးနောက် အမျိုးသမီး/ အမျိုးသား မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်သူများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် မြောင်းမြ မြို့နယ်အား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)