လှိုင်းဘွဲမြို့နယ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေ (ပထမအကြိမ်)လုပ်ငန်းများ ရန်ပုံငွေပေးအပ်

လှိုင်းဘွဲ    ဇန်နဝါရီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ(ပထမအကြိမ်)ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့် ရရှိသော လုပ်ငန်းများအား ပထမအရစ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရန်ပုံငွေပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အဖွင့်အမှာစကား ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ (ပထမအကြိမ်)ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့က ရန်ပုံငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ခွင့်ရရှိသော ကျေးရွာများအနေဖြင့် လုပ်ငန်းများကို သတ်မှတ်သော စံချိန်စံညွန်း၊ အရည်အသွေး နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေ(ပထမအကြိမ်)ဖြင့် လမ်းတံတားလုပ်ငန်း(၉)ခု ဆောင်ရွက်ရန် ရန်ပုံငွေ (၃၁.၉)သန်း၊ မြေသားလမ်း၊ကျောက်ချော မြေသားလမ်းနှင့် ဂဝံမြေခင်းခြင်း လုပ်ငန်း(၁၃)ခု ဆောင်ရွက်ရန် ရန်ပုံငွေ(၅၆.၇) သန်းနှင့် အထွေထွေ လုပ်ငန်း(၅)ခု ဆောင်ရွက်ရန် ရန်ပုံငွေ(၁၆.၇၃)သန်း စုစုပေါင်း လုပ်ငန်း(၂၇)ခု ဆောင်ရွက်ရန် ရန်ပုံငွေ (၁၀၅.၃၃)သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)