သရက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်

သရက် ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ရွှေသွေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “ဗလငါးတန်ဖွံ့ဖြိုးဖို့ မူးယစ်ဆေးကိုရှောင်ကြစို့” ခေါင်းစဉ်ဖြင့် လူငယ်များကို အသိပညာပေးဟောပြောရာတွင် အနာဂတ်နိုင်ငံတော်အတွက် ဦးဆောင်တာဝန်ယူကြရမည့် ယနေ့လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးဖို့သည်အဓိကဖြစ်ပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင်မှာ ကြောက်စရာအကောင်းဆုံးလက်နက်တစ်ခုလို လူငယ်များမူးယစ်ဆေးဝါးများကိုသုံးစွဲနေကြသည်မှာ အန္တရာယ်များပါကြောင်း၊ မသုံးစွဲရန်လိုအပ်ပါကြောင်းနှင့် အနာဂတ်မှာနိုင်ငံ့ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးဖို့ လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးသည်။

ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ အသိပညာပေးနံရံကပ်၊ ဓာတ်ပုံ၊ ပိုစတာများ ပြသပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)