အိမ်မဲ၌ ထောက်ပံ့ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုအား ကွင်းဆင်းစစ်ဆေး

အိမ်မဲ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၅)ရက်နေ့က ငါးမွေးတောင်သူ (၆၅)ဦးရဲ့ငါးမွေးကန်ဧက(၂၅၅ ဒသမ ၅၅) အတွင်းသို့ (၁)ဧကလျှင် ၂ လက်မအရွယ် ငါးသားပေါက်ကောင်ရေ (၂၀၀၀) နှုန်းနဲ့ (၄၅၁၁၀၀)ကောင်ရေအား ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီပေးအပ်ခဲ့တဲ့ ငါးသားပေါက်များ ဖွံ့ဖြိုးကြီးထွားမှုကို ကွင်းဆင်း စစ်ဆေးတာဖြစ်ကြောင်း" မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ပြောသည်။

"ကျွန်တော်တို့ ငါးမွေးတောင်သူတွေအနေနဲ့ ငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနက ပေးခဲ့တဲ့နေ့ကစပြီး (၁ဒသမ၁၆)ဧက ကန်တစ်ကန်အတွင်း ငါးကောင်ရေ (၂၅၀၀)ခန့်ကို မွေးမြူခဲ့ပြီးတစ်နေ့ကို ငါးအစာဖွဲနု(၁)အိတ်လောက် ကျွေးပါတယ်။ အချို့ကန်များမှာဆိုလည်း တစ်ရက်ခြားတစ်ခါလောက် ကျွေးပါတယ်။ ယခုမွေးမြူထားတဲ့ ငါးတွေကို လည်း နှစ်ပတ်လည်တဲ့အထိ မွေးမြူသွားမှာဖြစ်ကြောင်း ငါးမွေးတောင်သူ " ဦးတင့်လွင်ကပြောသည်။

အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ငါးမွေးတောင်သူများ၏ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပြီး ဦးမော့လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရမှ (CERP) အစီအစဉ်ဖြင့် ငါးသားပေါက်များကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်စေပြီး ငါးရိက္ခာ ဖူလုံစေရန် ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)