ကဝ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စပါးခွံမီးသွေးဖြင့် သဘာဝမြေဩဇာထုတ်လုပ်၍ စပါးခွံပေါင်းခံရည် ထုတ်လုပ်မှုသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦး ရဲကိုကိုက စပါးခွံမီးသွေး၊ သဘာဝမြေသြဇာထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးအတွက် အသုံးပြုပုံနှင့် ထုတ်လုပ်နည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲကိုကိုနှင့် ဝန်ထမ်းများ၊ ကျေးရွာမှ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)