သဲကုန်း ဇွန် ၁၂
၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲများတွင် ခရိုင်အဆင့်/ မြို့နယ်အဆင့်များတွင် ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက ဂုဏ်ပြုကဒ်နှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
သဲကုန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၃) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၆) ဦး၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၃၄) ဦးမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)