မကွေး ဇန်နဝါရီ ၂၀
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေး မြို့နယ်၊ ကန်ကြီးပြားကျေးရွာ မီးလင်းရေးအောင်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင် မကွေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးတိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မကွေးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်နှင့် မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
၎င်းနောက် ကန်ကြီးပြားကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က လျှပ်စစ်မီး ရရှိရေး ဆောင်ရွက် ခဲ့မှုများကို ရှင်းလင်းတင်ပြကာ ကျေးဇူတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
ကန်ကြီးပြားကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၃၇၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့တာပါ၊ ကန်ကြီးပြား ကျေးရွာ အတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၁.၁၄)မိုင်နှင့် (၁၁/ဝ.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူ တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်၊ မကွေးမြို့နယ်အတွင်းမှာ NEP စီမံကိန်းဖြင့် ကျေးရွာပေါင်း(၅၁) ရွာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မကွေးမြို့နယ်ရဲ့(၃၉)ရွာမြောက် မီးလင်းခဲ့တဲ့ ကျေးရွာဖြစ်ပြီး ကန်ကြီးပြား ကျေးရွာရှိအိမ်ခြေ(၂၀၀)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တယ်လို့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်က ပြောကြားသည်။
သန်းနိုင်ဦး(ငဖဲ)