ဆောမြို့တွင် လယ်ယာမြေယာယီလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၃)လွဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဆော    ဇန်နဝါရီ           ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းမှ စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများကို မူလလယ်ယာမြေပိုင်ရှင် များထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) လွဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောမြို့ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ လယ်ယာမြေများမှာ ဆောမြို့နယ် ကျောက်ထုမြို့၊ ဂုံဘိုရပ်ကွက်၊ ကွင်းအမှတ် (၆၃)၊ ဂုံဘိုရွာမ ကွင်း၊ မြေကွက်အမှတ်( ၉/၂၆၉ )၊ မြေဧရိယာ (၃.၀၄၈)ဧကကို မူလပိုင်ရှင်များဖြစ်သည့် ဦးနေမျိုး၊ ဦးကျော်မြ၊ ဒေါ်မနုတို့ဖြစ်ကြောင်း၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌမှ ၎င်းတို့တစ်ဦးချင်းစီ ထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များအား လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဆောမြို့နယ် လယ်ယာမြေနှင့်အခြားမြေများသိမ်ဆည်းခြင်းခံရမှုပြန်လည် စီစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် မြေစစ်ကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြေပိုင်ရှင်များ တက်ရောက်ကြောင်းသိရသည်။

ခင်ရီ