ပြည် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပျဉ်းမအိုင်ကျေးရွာအုပ်စု၊ ပျဉ်းမအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့ မွန်းလွဲပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထွန်းကျော်ကျော်မျိုးက စီမံကိန်းအား သုံးသပ်ဆွေးနွေးခြင်းနှင့် ကျေးရွာများ ရွေးချယ်ခြင်းအစီအစဉ်တို့အား ရှင်းလင်းပြောကြား ကာ စီမံကိန်းတာဝန်ခံ ဦးနန္ဒအောင်က ဆုရွေးချယ်ခြင်း အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာကော်မတီဝင်များက စီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် မေးမြန်းဆွေးနွေးမှုများအပေါ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖြေကြားပေးခဲ့ပြီး မြစိမ်းရောင် စံပြဆုရကျေးရွာများကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။
မင်းမင်းစိုး (ပြန်ဆက်)