ထားဝယ် ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်ဆွေးနွေး တိုင်ပင်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန်ရည်ရွယ်၍ “ဒေသဖွံ့ဖြိုးတိုးတက်ဖို့စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်စို့”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါ်ယဉ်ယဉ်နုက လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ “ဒေသဖွံ့ဖြိုးတိုးတက်ဖို့စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်စို့”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေနွေးပွဲအခမ်းအနားကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအကြောင်းနှင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးကြမည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးထွန်းနှင့်ဒေါ်ချိုချိုစန်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းမြ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာဦးတင်မောင်ဌေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ သိန်းဇော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိတ်ဆက်သည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ် အရင်းအနှီးများအတွက်ချေးငွေထုတ်ချေးပေးနေမှုများအကြောင်း၊ ရှေးဟောင်းအမွေအနှစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးပြသထားသည့် ထားဝယ်ယဉ်ကျေးမှုပြတိုက်၊ စာကြည့်တိုက်များအကြောင်း၊ တိုင်းရင်းဆေးပညာရပ်များအကြောင်းတို့ကို အခမ်းအနား တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ပြည်သူ့စကားဝိုင်း (Public Talk)သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)