တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင် မုန်တိုင်း ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြိုညှိနှိုင်း 

ထားဝယ်     ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့်တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြိုညှိနှိုင်း အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က မုန်တိုင်းဘေး အန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ထားဝယ်ပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖြစ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်များအပေါ် သတိရှိကြပြီး စနစ်တကျတုံ့ပြန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မုန်တိုင်းဘေးနှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို သိရှိနားလည်သွားမည်ဖြစ် ကြောင်း ၊ ဇာတ်တိုက်လေ့ကျင့်ခန်းကိုဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့်ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့်စာသင်ကျောင်းတစ်ကျောင်း” ဖြစ်လာမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပြည်သူများ၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပံ့ပိုးကူညီခြင်း၊ အခြေခံအခွင့်အရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေး၊ သဘာဝဘေးကြုံတွေ့ချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့်အတူယှဉ်တွဲနေထိုင်ရသည့်အတွက် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားမှုဆိုင်ရာ အသိပေးချက်များ၊ သတင်းအချက်အလက်များကို လက်လှမ်းမီသိရှိနိုင်စေရေးလိုအပ်ကြောင်း၊ မြစ်ရေကြီးမှု အပါအဝင်သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသော နေရာဒေသများအနေဖြင့်အချိန်မီသိရှိနိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာ သဘာဝဘေး၏ သက်ရောက်မှုကိုကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ နောင်အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ဝင်းဥမ္မာက မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပူးပေါင်းပါဝင်ရမည့်လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)