ဘားအံ ဇွန် ၁၁
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ထိရောက်မှန်ကန်စွာပေါင်းစပ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို ဇွန် ၁၁ ရက် နံနက်(၁၀)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေးက သင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့်အကြောင်းအရာများသည် စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်တွင်တိုက်ရိုက်အသုံးချနိုင်မည်ဖြစ်ရာ မိမိတို့၏အရည်အချင်းများကို ပိုမိုတိုးတက်မြှင့်တင်စေရန် သင်တန်းသား၊သင်တန်းသူများအနေဖြင့် တက်ကြွစွာပါဝင်ဆွေးနွေး၍ ဌာနမှအားကိုးအားထားပြုထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ သင်တန်းနည်းပြများက သက်ဆိုင်ရာဌာနများအလိုက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းနှင့်ညွှန်ကြားချက်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား၊သင်တန်းသူ ၂၀ တက်ရောက်လျှက်ရှိသည်။
ခရိုင်(ပြန်/ဆက်)