ဟားခါး ဇွန် ၁၁
၂၀၂၆ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းချမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက တီးတိန်မြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှိ စံကိုက်ခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်း၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းလွင်တို့က သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ပြုလုပ်သော အသက်(၁၀)နှစ်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုကိုလည်း ကြည့်ရှုအားပေးပြီး ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား ၊ ကျောင်းသူများထံသို့ ပေးအပ်ကြသည်။
ယနေ့ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက်(၁၀၀)လမင်း စီမံချက်တွင် အသက် (၁၀) နှစ်နှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၈) ကတ် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဇူလိုင်လ ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တီးတိန်ခရိုင် ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။
(ခရိုင်ပြန်/ဆက်)