တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ဆက်လက်ကျင်းပ

ဟားခါး ဇွန် ၁၁

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပဉ္စမနေ့ စတင်ကျင်းပကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။

ထို့နောက် မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကိုဆက်လက်ကျင်းပရာ ဦးဆန်အုပ်မန်း ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က ဟားခါးမြို့နယ်၊ချွန်းကျုံးကျေးရွာရှိ ပျက်စီးနေသော လူနေအိမ်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါကမည်သည့်ကာလ၌ မည်သို့စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုသည့်မေးခွန်း၊ ဦးထန်ရှင်းထောင်း မင်းတပ်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် သောက်သုံးရေရရှိနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သိရှိလိုသည့်မေးခွန်း၊ ဦးတင်ကာကျင်၊ တီးတိန်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂) က ချင်းပြည်နယ် ဌာန အသီးသီးရှိ ဌာနကင်းကွာဝန်ထမ်းများအား  ပြန်လည်ခန့်အပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆက်စပ်မေးခွန်းများကို မေးမြန်းပြီးနောက် တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)