မုံရွာ ဇွန် ၁၁
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပဥ္စမနေ့ကို ဇွန်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၅ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၉ ဦး တက်ရောက်သဖြင့် ရာခိုင်နှုန်း ၉၂ ဒသမ ၉၄ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးကကြယ်ပွင့်ပြ မေးခွန်းကိုးခုကိုမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို ရှင်းလင်းဖတ်ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အထူးကိစ္စရပ်များ လေ့လာစုံစမ်း စိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး(၁)၊(၂)တို့ အပါအဝင် စုစုပေါင်းအမည်စာရင်း (၂၈) ဦးတို့ဖြင့် ဖွဲစည်းမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပြီးဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံး အကြီးအမှူး ထံသို့ အမည်စာရင်းကို ဇွန်လ (၁၂) ရက်နေ့ ညနေ (၁၆း၃၀) နာရီအထိ တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးဆဌမနေ့ကို ဇွန်လ (၁၂) ရက်နေ့နံနက် (၁၀) နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)