မုံရွာ ဇွန် ၁၁
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ ရပ်ကွက်များနှင့် ကျေးရွာများရှိ အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထုပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြည်သူ့စကားဝိုင်းများကို စီစဉ် ကျင်းပ ဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ယနေ့နံနက် ၈ နာရီက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ချမ်းမြရန်အောင် ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ "ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့နှင့်အတူ မုံရွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးစစ်ဆေးရေးမှူး ဦးမျိုးမင်းထွန်း၊ မုံရွာခရိုင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဝေစိုး၊ မုံရွာမြို့နယ် ဥပဒေအရာရှိ ဦးရဲကိုကိုတို့က မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ၊ ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်မှု အခြေအနေများနှင့် ပြည်သူပါဝင်သော အုပ်ချုပ်ရေးလုပ်ငန်းများအကြောင်းတို့ကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး နောက်တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးခြင်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့်၊ ဦးဇော်နိုင်ဦး၊ မုံရွာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)