ကျွန်းလှ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား မျက်စိနှင့် သွားကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာမြတ်မိုးဆန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မျက်စိနှင့်သွားကျန်းမာရေး ပဏာမစစ်ဆေးပေးကြသည်။
ယင်းနောက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ပေါက်ပွားနိုင်သော ရေသိုလှောက်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ