ဖြူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ အသိပညာ ပေးရှင်းလင်း

ဖြူး ဇန်နဝါရီ ၂၀

ဖြူးမြို့နယ်၌  ရပ်ကွက်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပက်သက်၍ ကြီးကြပ်ရေးကော်မတီ (၅)ဦး တာဝန်ပေးအပ်နိုင် ရေးအတွက် ဌာနဆိုင်ရာများ အသိပညာပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်နှင့် ဒုတိယဦးစီး မှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်မှ ရပ်ကွက် သိုမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဉပဒေ အခန်း(၂)၊ နည်းဉပဒေပုဒ်မ(၃)၊ ပုဒ်မခွဲ(ခ)အရ တာဝန်ပေးအပ်ခံရသည့် ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် မိမိတို့တာဝန် ယူဆောင်ရွက်သည့် ရပ်ကွက်၊ ကျေးရွာစုများ၏ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ ကြီးကြပ် ဆောင်ရွက်ရမည့် ကြီးကြပ်ရေးကော်မတီ (၅)ဦး တာဝန်ပေးအပ်နိုင်ရေးအတွက် ဇန်နဝါရီလ၏ စတုတ္တပတ်တွင် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စု ကိုယ်စား လှယ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မနွယ် (ဖြူး)