ဂန့်ဂေါ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ ပြည့်ဝကာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပမှ ဗဟုသုတရရှိစေမည့် သုတ/ရသ စာပေများကိုပါ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်းနှင့် အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားတတ်လာစေမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် “မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ”နှင့် “ လူကုန်ကူးမှုတာဆီးကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင် (၇၀) စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)