မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign)လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

မတူပီ ဇန်နဝါရီ  ၂၀

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌   ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) လှုပ်ရှားမှု လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မတူပီမြို့ ရှစ်လမ်းဆုံမှ စန်ဘောင်လမ်းဆုံအထိ တစ်အိမ်တက်ဆင်း အသိပညာ ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် “ဘယ်သွားသွား Mask တပ်ပါ ၊(၆)ပေအကွာမှ နေထိုင်ပြောဆိုပါ၊ စက္ကန့်(၂၀)ကြာ လက်ဆေးပါ” ဟူသည့် ဆိုင်းဘုတ်ငယ်များကို ကိုင်ဆောင်ကာ အဖွဲ့(၃)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းသွားရောက်ကာ Mask တပ်ဆင် ထားခြင်း မရှိသူများအား Mask အခမဲ့ ပေးစေခြင်း၊ ဟောင်းနွမ်း Mask တပ်ဆင်သူများအား Mask အသစ်လဲလှယ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ Mask ခုရေ(၁၀၀၀) ဖြန့်ဝေနိုင်ခဲ့ကြောင်းနှင့် Mask တပ်ဆင်ခြင်းမရှိဘဲ သွားသွားလာလာ ပြုကြသူများကို ဒဏ်ငွေ ၅၀၀၀/−ကျပ်တိတိ ဒဏ်ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)