တောင်ငူ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ဖရဲသီးစိုက်ပျိုးတောင်သူများ အနေဖြင့် ယခုနှစ် ဖရဲသီးရာသီ၌ ယခင်နှစ်များထက် စျေးကောင်းရရှိရန် မျှော်လင့်၍ ဧကတိုးချဲ့ စိုက်ပျိုးထားကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
“ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကဆိုရင် ပြည်တွင်းက ဖရဲသီးတွေကို တရုတ်နိုင်ငံကို တင်ပို့ချိန်မှာ တစ်တန်ကို ယွမ် ၇၅၀၀ ကျော်ထိ အမြင့်ဆုံးရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ တစ်တန်ကို ယွမ် ၁၅၀၀ ဝန်းကျင်အထိ အနိမ့်ဆုံးဈေးသို့ ပြန်လည်ရောက်ရှိသွားပါတယ်။ အဲ့ဒီတော့ ပြီးခဲ့သည့်နှစ်က ဖရဲသီး စိုက်ပျိုးတောင်သူတွေကတော့ စိုက်စရိတ်ဆုံရှုံးမှုမရှိအောင် ပြည်တွင်းမှာယူသည့် ဒေများနဲ့ မိမိတို့ ဒေသအတွင်းမှာပဲ လက်ရှိအချိန်ထိ ပြန်လည်ရောင်းချနေကြရပါတယ်။ ယခုနှစ် စိုက်ပျိုးထားတဲ့ ဖရဲတွေက ဧပြီလနဲ့ မေလ ပိုင်းလောက်မှာ ထွက်ရှိပါပြီ။ ဖရဲခူးဆွတ်ရောင်းချချိန်မှာ ထွက်ရှိလာမယ့် အချိန်က တရုတ်နိုင်ငံမှာ ဖရဲရှားပါးချိန်ဖြစ်လို့ ဈေးကောင်း ရရန် မျှော်လင့်ထားပါတယ်” ဟု ဖရဲ စိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။
ဖရဲသီးအား ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် စသည့် ဒေသများတွင် အဓိကစိုက်ပျိုးကြပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အနည်းငယ်စီ စိုက်ပျိုး ကြကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)