အောင်လံ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက အမက (ကုသိနာရုံ) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာ တိုးတိုးမေက သွားနှင့်ခံတွင်းကျန်းမာရေးနှင့် ပတ်သက်သောအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးပြောကြားပြီး ကျောင်းကျန်းမာရေးဝန်ထမ်းများက စနစ်မှန်လက်ဆေးနည်းသင်ကြားပေးခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှု ရှိ၊ မရှိ စစ်ဆေးခြင်းတို့အပြင် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လက်သည်းခြေသည်းများ စစ်ဆေးပေးခြင်း အစရှိသည့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအားပြုလုပ်ပေးပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)