သရက်မြို့၌ မူးယစ်ဆေးအန္တရာယ်နှင့် ရေချိုရှားပါးမှုအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

သရက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ မူးယစ်ဆေးအန္တရာယ်နှင့် ရေချိုချွေတာသုံးစွဲရေးအကြောင်း အသိပညာပေးဟောပြောပွဲကို အနောက်ရပ် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “ဗလငါးတန်ဖွံ့ဖြိုးဖို့ မူးယစ်ဆေးကိုရှောင်ကြစို့” ခေါင်းစဉ်ဖြင့် လူငယ်များကို အသိပညာပေး ဟောပြောရာတွင် အနာဂတ်နိုင်ငံတော်အတွက် ဦးဆောင်တာဝန်ယူကြရမည့် ယနေ့လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးဖို့သည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင်မှာ ကြောက်စရာအကောင်းဆုံးလက်နက်တစ်ခုလို လူငယ်များ မူးယစ်ဆေးဝါးများကိုသုံးစွဲ နေကြ သည်မှာအန္တရာယ်များပါကြောင်း၊ မသုံးစွဲရန်လိုအပ်ပါကြောင်းပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းက “ရေခြွေတာ သုံးစွဲရေးနှင့် အမျိုးသမီးများနဲ့ သဘာဝပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောရာတွင် လူတို့သောက်သုံးရန် အသင့် တော်သော ပင်လယ်ရေများသည် ရေငန်များဖြစ်ပြီး သောက်သုံးနိုင်သော မြစ်ရေ၊ ချောင်းရေ၊ အဝီစိတွင်းရေများသည် ရေချိုများဖြစ်ကြောင်း၊ ရေကိုအကျိုးရှိစွာ စနစ်တကျသုံးစွဲကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား “ရေချိုရှားပါးမှု” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ အသိပညာပေး နံရံကပ်ဓာတ်ပုံ၊ ပိုစတာများ ပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)