မင်းဘူး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ဇွန် ၁၁ ရက် နံနက်ပိုင်းက မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မင်းဘူးမြို့ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၏ ကြီးကြပ်မှုဖြင့် ဒုရဲအုပ် ရန်နိုင်ထွန်း ဦးဆောင်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတက်၊ ကျောင်းဆင်း သွားလာရာတွင် ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေး အသိပညာပေးလုပ်ငန်းများအဖြစ် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားကာ ယာဉ်အန္တရာယ်ကင်းဝေးပြီး အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေး ယာဉ်လမ်း ရှင်းပေးခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုရဲအုပ် ရန်နိုင်ထွန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မင်းဘူး-စကုကားလမ်းတစ်လျောက်ရှိ လူစည်ကားရာနေရာများဖြစ်သော မင်းဘူးမြို့ မြောက်လှည်းကောက်အဝိုင်းပတ်၊ မင်းဘူးမြို့ သာသနာ့ဗိမာန့်ရှေ့နှင့် တောင်လှည်းကောက်လမ်းစုံနေရာများတွင် လမ်းသွား၊ လမ်းလာပြည်သူများ၊ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရန် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များအပါအဝင် သတ်မှတ်စည်းကမ်းချက်များကို သိရှိလိုက်ပြီး စည်းကမ်းရှိစွာ သွားလာနေထိုင်တတ်စေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများနှင့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)