ကျုံပျော် ဇန်နဝါရီ ၂၀
ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီမှ မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် မြဝတီရပ်ကွက်ရှိ ဆေးရုံဟောင်းလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ယမန်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းသည် ယခင်က ကတ္တရာလမ်းဖြစ်ပြီး ပျက်စီးမှုများရှိခဲ့ကြောင်း၊ ယခုအခါ အရှည်(၃၄၅)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈) လက်မကို ငွေကျပ်(၈၁.၃၀) သိန်းဖြင့် WIN&GREEN Co,Ltd မှ တာဝန်ယူကာ ကွန်ကရစ်လမ်းသစ်အဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ကွန်ကရစ်လမ်းကို ဇန်နဝါရီ ၁၃ ရက်မှ စတင်ဆောင်ရွက်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ပြီးစီးပြီဖြစ်သဖြင့် ပြည်သူများ မကြာမီ သွားလာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍ မြို့တွင်းရှိ လမ်းအချို့ကိုလည်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)