မင်းဘူး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၃) ပုဂံမျှော်ရပ်ကွက် (၁၀) လမ်းထိပ်ရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ်နှင့်အခြားစွန့်ပစ်အမှိုက်များ ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဧရာတီမြစ်ကမ်းနားတစ်လျှောက်နှင့် ဆိပ်ကမ်းနယ်မြေများတွင် ဆိုက်ကပ်ထားသော ရေယာဉ်များ၊ ဆိပ်ကမ်းနယ်မြေအနီးဝန်းကျင်ရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများ ဆိပ်ကမ်းအနီးတစ်ဝိုက်တွင် နေထိုင်သူများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးနှင့် စွန့်ပစ်အမှိုက်များအား မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး စီမံဆောင်ရွက်နိုင်ရန်အတွက် လူထုလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က “ပင်လယ်သမုဒ္ဒရာနှင့် မြစ်များအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ မစွန့်ပစ်ခြင်းဖြင့် အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြပါစို့” ဆောင်ပုဒ်နှင့်အညီ မင်းဘူးမြို့ အမှတ် (၃) ပုဂံမျှော်ရပ်ကွက်တွင် အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်း၊ ဧရာတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ဆိပ်ကမ်းအနီးရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် အသိပညာပေးပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာများတွင် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး အမှိုက်ပုံးထားရှိပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)