ဆန်စပါးအပါအဝင် အဓိကစိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီကျော်လွန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်

ဘားအံ ဇွန် ၁၀

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပခဲ့ရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင် တက်ရောက်၍ အဓိကသီးနှံများ လျာထားဧက ပြည့်မီကျော်လွန်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ဦးစွာ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီဦးအောင်လွင်က မိမိတို့ဒေသသည် စိုက်ပျိုးရေးကိုလုပ်ကိုင်ရန် အခြေအနေပေးသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် မြေဆီလွှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့် ရရှိရေးလုပ်ငန်းများ ဆောင်ရွက်၍ ဆန်စပါးအပါအဝင် အဓိကစိုက်ပျိုး သီးနှံများ လျာထားဧကပြည့်မီကျော်လွန်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသတွင်းဖူလုံမှု မရှိသေးသည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုပြီး စိုက်ပျိုးရေးပညာရှင်များ၊ အသိပညာ အတတ်ပညာရှင်များ၊ ဒေသခံစိုက်ပျိုးရေးတောင်သူများကို လက်တွေ့ကျကျ ပေါင်းစပ်၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းမြင့်က ၂၀၂၆-၂၀၂၇ မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရန် မိုးကြိုထယ်ရေးခံခြင်းဆောင်ရွက်ပြီးစီးမှု၊ သဘာဝမြေဩဇာ ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ စူပါဘိုကာရှီ ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ သီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေးဆောင်ရွက်မည့် အစီအစဉ်၊ မိုးစပါးရာသီအတွက် မျိုးစပါးများစုဆောင်းထားရှိမှု၊ မိုးစပါး Seeder စံပြကွက်ဆောင်ရွက်မည့် အစီအစဉ်၊ တစ်ကွင်းတစ်ဆက်တည်း(၅၀)ဧက စံပြကွက်ဆောင်ရွက်မည့် အစီအစဉ်၊ မိုးစပါး အထူးဇုန်ဆောင်ရွက်မည့်အစီအစဉ်၊ တောင်သူနည်းပညာပေးသင်တန်း ဆောင်ရွက်မှုအခြေအနေ၊ Home Garden ဆောင်ရွက်မည့်အစီအစဉ်၊ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်သော နည်းလမ်းများပညာပေး ဆိုင်းဘုတ်စိုက်ထူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသများအလိုက် စိုက်ပျိုးလုပ်ကိုင်မည့် အစီအစဉ်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)