နတ်မောက် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်( ၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရအစားအစာများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရှိသက်ကြီးရွယ်အို နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဆိုင်ရာစစ်ဆေးပေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးလာရောက်ပြသသည့် သက်ကြီးရွယ်အိုများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အာဟာရအဖြစ် ကြက်ဥ၊ ငှက်ပျော်သီး၊ ကော်ဖီမစ်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း