မြောင်းမြမြို့၌ အောင်ဆန်းဈေးရှိ မုန့်မျိုးစုံဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မြောင်းမြ ဇန်နဝါရီ ၂၀

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အောင်ဆန်းဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံ ဈေးဆိုင်များရှိ မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အောင်ဆန်းဈေးအတွင်း မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက် ရှိသည့် မုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူ ပြည်သူများ ဘေးကင်း လုံခြုံမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု မရှိသည့် မုန့်များအား ရောင်းချခြင်း မပြုရန်နှင့် ဈေးရောင်းချသူများအနေဖြင့် ကုန်အညွှန်း အမှတ်အသားပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြစေရေး ပူးပေါင်းစစ်ဆေးသည့် အဖွဲ့က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)