ဧရာ၀တီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ကာလ ညမထွက်ရအမိန့်ကို ချိုးဖောက်သူ ၆၄၉ ဦးရှိ

ပုသိမ် ဇန်နဝါရီ ၂၀

ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး တွေ့ရှိသူ ဇန်နဝါရီ ၁၈ ရက်နေ့အထိ ၆၄၉ ဦးရှိခဲ့ပြီး အားလုံးကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ အခြေအနေကြောင့် ညမထွက်ရအမိန့်ကို ဧပြီလ ၂၁ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမိန့်ကို ချိုးဖောက် တွေ့ရှိဖမ်းဆီးမှုမှာ ပုသိမ်ခရိုင်တွင် အမှု ၁၀၇ မှုတွင် အရေးယူခံရသူ ၂၉၈ ဦး၊ ဟင်္သာတခရိုင်တွင် အမှု ၇၇ မှုတွင် အရေးယူခံရသူ ၁၀၁ ဦး၊ မအူပင်ခရိုင်တွင် အမှု ၄၂ မှုတွင် အရေးယူခံရသူ ၇၀ ဦး၊ ဖျာပုံခရိုင်တွင် အမှု ၃၀ မှုတွင် အရေးယူခံရသူ၆၅ ဦး၊ မြောင်းမြခရိုင်တွင် အမှု ၅၈ မှုတွင် အရေးယူခံရသူ ၇၂ ဦးနှင့် လပွတ္တာခရိုင်တွင် အမှု ၂၂ မှုတွင် အရေးယူခံရသူ ၄၃ ဦး၊ တိုင်းဒေသကြီးအတွင်း အမှုပေါင်း ၃၃၆ မှုတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူ ၆၄၉ ဦးရှိကြောင်း ဧရာ၀တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

တွေ့ရှိဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တရားလိုပြုလုပ်ပြီး  ထောင်ဒဏ်များ အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်ပြီးလည်း စစ်ဆေးမှုများ ပြုလုပ်သွာမည် ဖြစ်ကြောင်း သိရသည်။

ဧရာ၀တီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာလ ညမထွက်ရအမိန့်ကို ချိုးဖောက်ပါက ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)