သဲကုန်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန် ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းကအ.လ.က(ခွဲ) ကန့်လန့်ကုန်းနှင့် အ.မ.က သင်တောတို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသားလူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်တို့မှ ရှောင်ရှားတတ်ကြစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်ဌေးဌေးမြင့်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာဖတ်ရှိန်မြင့်မားပြီး ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် စာပေဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များတွင် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ လာရောက်ငှားရမ်းဖတ်ရှုကြရန်၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် နွေရာသီတွင် ဂရုပြုလိုက်နာရမည့် အချက်များ၊ လူငယ်များသိသင့် သိထိုက်သော ဗဟုသုတအကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့ပြီး နယ်လှည်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပုံပြင်ပြောခြင်းနှင့် ရှန်တီစေတနာရှင်အဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုခြင်းများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)